International News

အိန္ဒိယဗဟိုအစိုးရက ပဲစဉ်းငုံနှင့် မတ်ပဲခွဲခြမ်း သိုလှောင်ထားနိုင်မှုကန့်သတ်ချက်အား (အောက်တိုဘာလအထိ) ပြဋ္ဌာန်း

Last Updated:

ပဲစဉ်းငုံနှင့်မတ်ပဲများ သိုလှောင်ထားရှိနိုင်သည့် ပမာဏကန့်သတ်ချက်(အောက်တိုဘာလ ၃၁ ရက်အထိ) ကိုပြဋ္ဌာန်းရန် ဗဟိုအစိုးရက ဆုံးဖြတ်ခဲ့သည်ဟု စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးရေးဝန်ကြီးဌာနက ‌သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ယခုတစ်ပတ်အတွင်း ပဲစဉ်းငုံနှင့်မတ်ပဲဈေးနှုန်းများ သိသိသာသာမြင့်တက်ခဲ့ပြီးနောက် အဆိုပါကန့်သတ်ချက်များကို ချမှတ်ခဲ့ခြင်းဖြစ် ကြောင်း၊ အထက်ပါပဲနှစ်မျိုးသည် ယခုနှစ်အစောပိုင်းကာလကတည်းက ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ပဲမျိုးစုံကဏ္ဍအပေါ် သက်ရောက်မှုရှိခဲ့ပါကြောင်း၊ ပြည်ပမှ တင်သွင်းမှုများ မျှော်မှန်းထားသည်ထက် လျော့နည်းခြင်းနှင့်ဝယ်လိုအားများလာခြင်းတို့သည် ဈေးနှုန်းအပေါ် သက်ရောက်မှုများရှိခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် အဆိုပါကုန်စည်ပစ္စည်းများအပေါ်တွင် အခွန်ကောက်ခံမှုနှုန်း သုညရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ် မတ်လအထိ ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

ပဲစဉ်းငုံနှင့် မတ်ပဲခွဲခြမ်းများကို ပုံမှန်ရောင်းချခြင်းမပြုဘဲ သိုလှောင်သိမ်းဆည်းထားခြင်းနှင့် ဈေးကစားခြင်းတို့မှ ကာကွယ်ရန်နှင့် စားသုံးသူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရန်အတွက် အိန္ဒိယအစိုးရက လက်ကားရောင်းချသူများ၊ လက်လီရောင်းချသူများ၊ လက်လီဆိုင်ခွဲများစွာရောင်းချသည့် ကုမ္ပဏီကြီးများ၊ ပဲခွဲစက်ရုံများနှင့် တင်သွင်းသူများမှ သိုလှောင်ထားနိုင်သည့် ပမာဏကန့်သတ်ချက်အမိန့်ကို ထုတ်ပြန် ကြေညာရခြင်းဖြစ်သည်ဟု ဝန်ကြီးဌာန၏ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါကြောင်းနှင့် လက်ကားရောင်းချသူများအတွက် သိုလှောင်နိုင်သည့်ပမာဏမှာ တန်ချိန်-၂၀၀အထိလည်းကောင်း၊ လက်လီရောင်းချသူများအတွက် ၅ တန်၊ လက်လီရောင်းချသည့်ကုမ္ပဏီကြီးများအတွက် သိုလှောင်ရုံ၌ တန်ချိန် ၂၀၀ အထိနှင့် ၎င်း၏ဆိုင်ခွဲငယ်များအတွက် ၅ တန်စီအားလည်းကောင်၊ ပဲခွဲစက်ရုံလုပ်ငန်းများအတွက် ထုတ်လုပ်မှုမှ ၃ လအတွင်း သို့မဟုတ် တစ်နှစ်လုံးထုတ်လုပ်နိုင်မှုပမာဏ၏ ၂၅ ရာခိုင်နှုန်းအားလည်းကောင်း၊  တင်သွင်းသူများအတွက် အကောက်ခွန်ရှင်းလင်းပြီးနောက် ရက်ပေါင်း ၃၀ အထိလည်းကောင်း သိုလှောင်ထားရှိခွင့်တို့ကို ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပဲတင်သွင်း၊ ထုတ်လုပ်၊ ရောင်းချနေသောကုန်သည်၊ လုပ်ငန်းရှင်များအားလုံးသည် ၎င်းတို့သိုလှောင်ထားရှိသည့် ပဲစဉ်းငုံနှင့်မတ်ပဲပမာဏကို စားသုံးသူရေးရာဦးစီးဌာနသို့ အသိပေးတင်ပြရမည်ဖြစ်ပြီး သတ်မှတ်ထားသည့်ကန့်သတ်ပမာဏထက် ပို၍သိုလှောင်ထားရှိပါက သတ်မှတ်ထားသည့် ပမာဏအတွင်းရောက်ရှိအောင် ရက် ၃၀ အတွင်းဆောင်ရွက်သွားရန် လိုအပ်မည်ဟု ဝန်ကြီးဌာနက ပြောကြားထားကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

Source: Center to impose stock limits on tur and urad dal till October 31, The Economic Times, June 2, 2023.

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News